Thu. Oct 18th, 2018

ရက္ခိုင့်တပ်မတော် မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နှင့် သဇင်ပန်းခိုင်သတင်းဂျာနယ် အင်တာဗျူး

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်လာသည့် ရက္ခိုင့်တပ်မတော် မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နှင့် သဇင်ပန်းခိုင်သတင်းဂျာနယ် မှ တာဝန်ခံအယ်ဒီတာ တေဇာအောင် က သီးသန့်အင်တာဗျူးအား ဖော်ပြလိုက်ပါသည်
မေး- ဒီညီလာခံလာတက်တဲ့အပေါ်မှာ ရခိုင်ပြည်သူလူထုကိုဘာများပြောချင်ပါသလဲ။
ဖြေ-ကျွန်တော်တို့ ရခိုင်ပြည်သူလူထုကိုအဓိကပြောချင်တာက ရက္ခိုင့်တပ်မတော်(ULA/AA) အနေနဲ့ ဒီညီလာခံကို လာတက်တယ်ဆိုတာ FPNCC ကိုယ်စားအနေနဲ့ ကျနော်တို့လာခဲ့တယ်။ ညီလာခံကို လာတဲ့ရည်ရွယ်ချက်ကိုက တိုင်းပြည်ငြိမ်းချမ်းစေချင်တယ်။ ပြီးရင်ဒီညီလာခံရဲ့ process ထဲမှာ NCA process ဆိုတာပါတယ်။ NCA process ကနေပြီးတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုပေမယ့် အဲဒီရဲ့အနှစ်ချုပ်က ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို ထူထောင်မယ်ဆိုတဲ့ အနှစ်သာရပေါ့နော်၊ ဆိုတော့ အဓိကအနှစ်သာရကတော့ ကိုယ့်လူမျိုး၊ မိမိလူမျိုးရဲ့အမျိုးသားတန်း တူအခွင့်အရေးရရှိရေး ကိုယ့်ရဲ့အခွင့်အရေးတွေကိုရရှိဖို့အတွက် ဒီလိုမျိုး အခွင့်အရေးရတဲ့အနေရာကနေ အခွင့်အရေးပေးတယ်ဆိုလို့ရှိရင် အရတောင်းဆိုမယ်လို့ အခြားအဖွဲ့တွေနဲ့တန်းတူ အခွင့်အရေးရရှိဖို့အတွက် ဒီကိုလာရောက်ရခြင်းဖြစ်ပါတယ်။
မေး- ဒုကာချုပ်နဲ့တွေ့တဲ့အခါကော ဘာတွေများထူးခြားမှုရှိပါလဲခင်ဗျား။
ဖြေ- ဒုကာချုပ်နဲ့တွေ့တဲ့အခါတော့ သူတို့ဘက်ကပြောဆိုတဲ့အပိုင်းရှိတယ်၊ ကျွန်တော်တို့ဘက်က ပြန်ပြောဆိုတဲ့အပိုင်းရှိတယ်။ တဖက်နဲ့တဖက်ပွင့်ပွင့်လင်းလင်းပြောတယ်။ သူတို့ရဲ့ပြောဆိုတာကိုလည်း ကျွန်တော်တို့နားထောင်တယ်။ အဓိကပြောတဲ့အချက်မှာကတော့ NCA ကိစ္စရယ်၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရယ်၊ contact person ရဲ့လက်ရှိအခြေအနေရယ် သူတို့ရဲ့မူဝါဒသဘောထားပိုင်းဆိုင်ရာတွေပေါ့၊ ဥပမာ တပ်မတော်အနေနဲ့ဘယ်လိုသဘောထားရှိ တယ်၊ ပြီးရင်ကျွန်တော်တို့ အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဒီ Process ထဲမှာပါလာနိုင်လို့ရတယ်ဆိုတယ်ဆိုတာမျိုးတွေကို အကြမ်းဖျင်းအားဖြင့်ပြောခဲ့ကြတာတွေရှိ ပါတယ်။ ၁ နာရီနဲ့ မိနစ် ၂၀ လောက်တော့ကြာမယ်ထင်တယ်။
မေး- အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ကော ဘာတွေများပြောဖြစ်ပါသလဲ။
ဖြေ- အတိုင်ပင်ခံနဲ့တွေ့တဲ့အချိန်မှာလည်း သူတို့ဘက်ကလက်ရှိအခြေအနေတွေကိုပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ရဲ့ အခြေအနေတွေကိုပြန်ပြောပြတယ်။ အဓိက ကတော့ အမြဲတမ်းပြောပြောနေတဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲဆိုတာရယ်၊ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုပုံစံမျိုးတွေကို အခြေခံပြီးသွားလို့ရမလဲဆိုတာတွေကိုပြောဖြစ်ပါတယ်။
မေး – FPNCC အနေနဲ့ရော ဒီကိုတက်လာတဲ့အခါကျတော့ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် ဘယ်လိုအထောက်အကူပြုမှုတွေရခဲ့လဲခင်ဗျား။
ဖြေ- ကျွန်တော်တို့လာကတည်းက ငြိမ်းချမ်းရေးအလံကိုမြင့်မြင့်ထူပြီးတော့ ကျွန်တော်တို့ အခွင့်အရေးတွေကို ရရှိဖို့အတွက် လာခဲ့တယ်ဆိုတဲ့ခံစားချက် မျိုးနဲ့လာခဲ့ကြပါတယ်။ ဒီကိုရောက်တဲ့အချိန်မှာတော့ လွန်ခဲ့တဲ့ဒုတိယပင်လုံဆိုရင် အခုတတိယပင်လုံကြားထဲမှာက တစ်နှစ်နဲ့နှစ်လနီးပါးလောက်ကြာတယ်။ အဲဒီကြားကာလထဲမှာတော့ ဒီဘက်ကအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုတွေ သိပ်မရှိဘူး၊ ဥပမာသူတို့ ဒီကြားကာလမှာ FPNCC ကိုတိုက်ရိုက် တွေ့ဆုံတာမရှိသလို ကျွန်တော်တို့ (ULA/AA) ကိုလည်းထိတွေ့မှုမရှိသလောက်ပါပဲ။ မရှိသလောက်ဆိုတာက ဒီညီလာခံမတိုင်ခင် “၀” နဲ့တွေ့ဆုံတယ်၊ မိုင်းလားနဲ့တွေ့ဆုံတယ်၊ အဲဒါမျိုးကိုပြောတာ။ သူတို့ FPNCC အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့တာတော့ရှိတာပေါ့။
မေး- ရခိုင်ပြည်သူတွေ Arakan Dream 2020 ကိုသိပ်နားမလည်ဘူးဖြစ်နေတယ်။ အဲဒီအကြောင်းလေးနည်းနည်းရှင်းပြပေးပါအုံး။
ဖြေ- Arakan Dream 2020 ဆိုတာက dream ဆိုတာကအိပ်မက်ပေါ့နော်။ အိမ်မက်ဆိုတာက လူတိုင်းမှာရှိတယ်၊ လူမျိုးတိုင်းမှာရှိတယ်။ နိုင်ငံတိုင်းမှာရှိတယ်။ ဥပမာ တရုတ်မှာဆို china dream၊ အမေရိကန်မှာဆိုရင် American dream၊ ကျွန်တော်တို့ရခိုင်လူမျိုးတွေမှာလည်း Arakan Dream ဆိုတာရှိတယ်။ ဒီနေရာမှာမတူတာကပေါ့နော် အောင်မြင်နေတဲ့သူတွေမှာကျတော့ သူတို့အိမ်မက်ကိုအကောင်အထည်ဖော်တယ်။ ကျွန်တော်တို့ရခိုင်လူမျိုးတွေအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ ကိုယ့်မှာအိမ်မက်ကို ဘယ်လိုပုံစံမျိုးနဲ့မက်မလဲ ဆိုတဲ့ဟာမျိုးကို လူထုကိုချပြတာပေါ့နော်။ လက်ရှိအချိန်မှာ ရခိုင်လူမျိုးတွေ ဘယ်သူ့ကိုပဲ မေးကြည့်ကြည့် သူတို့ အနေနဲ့ဘာလိုချင်လဲ ဆိုတဲ့ အခြေခံအချက်အလက်အပေါ်မှာ ကျွန်တော်တို့ကစုစည်းပြီးတော့ အိမ်မက်တစ်ခုကိုစတင်အကောင်အထည်ဖော်တယ်။ ဘယ်သူပဲဖြစ်ဖြစ်ရခိုင်လူမျိုးတွေကိုမေး ကြည့်ကြည့် ၊ အဲဒီအိမ်မက်တွေကလည်း ကိုယ့်ရဲ့အခြေအနေတွေ သဟဇာတတွေကိုပေါ့နော် ပတ်ဝန်းကျင်နိုင်ငံရေးအခြေအနေတွေနဲ့လည်း တိုက်ဆိုင်ဖို့လိုတယ်။ လူတိုင်းကတော့ အိမ်မက် မြင့်မြင့်မှန်းကြတယ်။ ဒါပေမယ့်မလုပ်နိုင်ကြဘူး၊ ဘယ်သူမဆို သူဋ္ဌေးဖြစ်ချင်မှာပဲ၊ အကုန်လုံးကလည်း သူဋ္ဌေးဖြစ်ချင်မှာပဲ။ ဒါပေမယ့်အကုန်လုံးကတော့ သူဋ္ဌေးမဖြစ်ကြဘူး။ လုပ်တဲ့အလုပ်အပေါ်မှာအများကြီးကွာသွားတယ်။ ကျွန်တော်တို့က ရခိုင်တွေအနေနဲ့ဘာမက် ကြသလဲဆိုတော့ အမျိုးသားတန်းတူရေးဆိုတဲ့အချက်အပေါ်မှာ အခြေခံပြီးတော့ ဒီထက်ပိုမြင့်တဲ့ ဥပမာ ကျွန်တော်တို့ဆိုရင် နိုင်ငံတစ်ခုအနေနဲ့ နေထိုင်ခဲ့တဲ့လူမျိုးတွေဆိုတော့ခါ ရခိုင်တွေအနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုး နဲ့အုပ်ချုပ်ပြီးတော့ ပြန်လိုချင်တယ်ဆိုတော့ အဲဒီအပေါ်မှာအခြေခံပြီးတော့ Dream ဆိုတာကိုကျွန်တော်တို့က စတင်မိတ်ဆက်တယ်။ အဲဒီမှာ နောက်ကတွဲပါလာတာက ၂၀၂၀ ဆိုတာကတွဲပါလာတယ်။ ၂၀၂၀ ဆိုတာကတော့ သက္ကရာဇ်တစ်ခုကိုကိုယ်စားပြုတယ်။ သက္ကရာဇ် ၂၀၂၀ မှာနေပြီးတော့ ရခိုင်တွေမက်နေတဲ့ အိမ်မက်ထဲကနေ ကျွန်တော်တို့ဘယ်လောက်ရနိုင်မလဲ၊ ရခိုင်တွေအနေနဲ့ကြိုးစားလို့ရှိရင် အဲဒီအချိန်မှာ ဘယ်လောက်ရနိုင်မလဲဆိုတဲ့ဟာကို ကျွန်တော်တို့က ကိုယ့်လူထုကို ကျွန်တော်တို့ကို ထောက်ခံ တဲ့သူတွေကို အိမ်မက်တွေထဲကနေ သတ်မှတ်ချက်တစ်ခုကို ကျွန်တော်တို့သတ်မှတ်လိုက်တယ်။ ၂၀၂၀ မှာ ငါတို့မင်းတို့အကုန်လုံးဝိုင်းပြီးတော့ ကြိုးစားမယ်။ ဒီအချိန်မှာ ငါတို့ရခိုင်လူမျိုးတွေအတွက် ရကိုရရမယ့် အခွင့်အရေးရှိတယ်။ ရသင့်ရထိုက်တဲ့အခွင့်အရေးရှိ တယ်။ အဲဒီဟာကိုအမိအရဆုပ်ကိုင်ဖို့အတွက် ခွန်အားတစ်ခုတွန်းအားတစ်ခုပေါ့နော်။ ကားနဲ့ဥပမာ ပြောရရင် လောင်စာတစ်ခုပေါ့။ လောင်စာကုန်သွားရင်ရပ်သွားမယ်။ နောက်ပြီး အဲဒီလောင်စာနဲ့ပဲ ဘယ်ထောက်ထိ ရုန်းကန်သွားနိုင်မလဲဆိုတာကို လူထုကိုချပြတယ်။ နောက်တစ်ခုက ၂၀၂၀ ကိုသုံးရတာက ဘာလဲဆိုတော့ အဲဒီ ၂၀၂၀ ကာလမှာ ကမ္ဘာ့နိုင်ငံရေးရော မြန်မာ့နိုင်ငံရေးရော အခင်းအကျင်းတစ်ခုကို လူတိုင်းကရည်မှန်းထားကြတယ်။ အဲဒီ ၂၀၂၀ ကာလမှာ မြန်မာပြည်နိုင်ငံရေးရဲ့အခြေအနေက ရွေးကောက်ပွဲ တွေနဲ့ဖြစ်မယ်။ ပြီးရင် NCA process ရော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကလည်း အဲဒီမှာလောလောဆယ် target ထားတယ်။ အဲဒီမှာအခု ဟိုတနေ့တုန်းက ကာချုပ်မိန့်ခွန်းမှာ ၂၀၂၀ မတိုင်ခင်ငြိမ်းချမ်းရေးမြန်မြန်ရ အောင်လုပ်ကြပါစို့။သတ်မှတ်ချက်က သူတော့ကခုမှပြောတာ ကျွန်တော်တို့က Arakan dream 2020 ဆိုတာက ပြောလာတာကြာပြီ။ အဲဒီ ၂၀၂၀ မှာ ရခိုင်လူမျိုးတွေအနေနဲ့ ရကိုရရဖို့ ပြီးရင် ရခိုင်လူမျိုးတွေအနေနဲ့လည်း အဲလိုမျိုးရရှိနိုင်ဖို့အတွက် အမျိုးသားလှုပ်ရှားမှုကြီးပေါ့နော်၊ အမျိုးသား လှုပ်ရှားမှုကြီးဆိုတာ လမ်းပေါ်ဆန္ဒပြဖို့ပြောလိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရခိုင်လူ မျိုးတွေရဲအသိစိတ်ထဲမှာ ငါတို့က ဒီအတွက်အလုပ်လုပ်ရမယ်၊ ၂၀၂၀ အတွက်တစ်ခုခုကို လုပ်နေရမယ် ငါဘာတတ်နိုင်လဲ၊ ကျောင်းဆရာလား ကျောင်းဆရာဆို ကျောင်းဆရာနေရာက လုပ်လို့ရတယ်၊ ဆရာဝန်လားဆရာဝန်နေရာက လုပ်လို့ရတယ်။ ဆိုက်ကားနင်းတဲ့သူလား ဆိုက်ကားနင်းတဲ့နေရာကနေ ကိုယ့်ရဲ့အမျိုးသားရေးတာဝန်ကိုထမ်းဆောင်လို့ရတယ်ဆိုတဲ့ အမျိုးသားဘုံအကျိုးစီးပွား အပေါ်မှာအခြေခံပြီးတော့ အလုပ်လုပ်ဖို့အတွက် ကျွန်တော်တို့က လူထုကိုတန့်လှန့်နှိုးဆော်ထားတဲ့ Arakan dream 2020 ကိုဆိုလိုတာဖြစ်ပါတယ်။
မေး- ဒေါက်တာအေးမောင်နဲ့ စာရေးဆရာကိုဝေဟင်အောင်တို့ကို ဖမ်းဆီးထားတဲ့အပေါ်မှာ ဒေါက်တာတို့အနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲခင်ဗျား။
ဖြေ- ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရခိုင်လူမျိုးတွေအပေါ်မှာ အစိုးရက ဘယ်လိုသဘော ထားသလဲဆိုတာ အများကြီးထင်ဟပ်စေပါတယ်။ အစိုးရအနေနဲ့ ကျွန်တော်တို့ရခိုင်လူမျိုးတွေအပေါ်မှာ ငါတို့ ဒီလိုသဘောထားရှိတယ်ဆိုတာ လို့ပဲမြင်ပါတယ်။
မး- အဖွင့်မိန့်ခွန်းမှာပေါ့နော် ရခိုင်ပါတီကပြောသွားတယ်။ အရင်တုန်းက ပထမအကြိမ်မှာ NLD ဒုတိယအကြိမ်မှာ USDP ။ အဲဒီတုန်းကတော့ ဘာကြေငြာချက်မှမထုတ်ဘူး၊ ရခိုင်ပါတီပြောမှ ကြေငြာချက်ထုတ်တယ်ပေါ့နော် အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
ဖြေ- ကျွန်တော်ထင်ပါတယ် ANP ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ပြောသွားတာက အမှန်တရားတွေပဲ။ တခါတလေ အမှန်တရားတွေက နည်းနည်းခါးတတ်တယ်။ အနာပေါ်ဆားကျရင် နည်းနည်း နာတတ်တဲ့သဘောရှိတယ်။ လက်ရှိမြန်မာပြည်ရဲ့ အနာပေါ် ဆားကျသွားတဲ့ ပုံစံမျိုးပါ။
မေး- ဒေါက်တာတို့အနေနဲ့အခု ဘင်္ဂလီကိစ္စကို ဘယ်လိုဖြေရှင်းသွားရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။
ဖြေ- ကျွန်တော်တို့မှာက စကားပုံတောင်ရှိပါတယ်။ ကုလားကိုမနိုင်ရင် ရခိုင်ကိုမေးပါဆိုပြီးတော့ ကျွန်တော်တို့လည်း အဲဒီ ရခိုင်လူမျိုးတွေဖြစ်တယ်ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်း ရင်ရနိုင်တယ်ဆိုတာကို ရခိုင်တွေရဲ့မွေးရာပါအသိတရားမှာရှိပြီးသားပါ။ ရခိုင်လူမျိုးတိုင်းအဲဒါကို နားလည်တယ်၊ မွေးရာပါအသိတရားရှိတယ်ဆိုတော့ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေ မြန်မာ့ နိုင်ငံရေးအခြေအနေနှင့် သဟဇာတဖြစ်တဲ့အနေအထားမျိုးနဲ့ ဖြေရှင်းသွားလို့ရနိုင်မယ့်အနေအ ထားရှိပါတယ်။ ကျွန်တော်တို့မှာတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာမျိုးကိုတော့ ရခိုင် ULA မှာတော့ မူဝါဒရှိတယ်။ ဒါကိုတော့ လောလောဆယ်ပြောဖို့အစီအစဉ်တော့မရှိသေးပါဘူး။
မေး- ဒေါက်တာက FPNCC မှာလည်းပြောခွင့်ဆိုခွင့်ရှိသူဆိုတော့ NCA နဲ့ဒေါက်တာတို့ ချမှတ်ထား တဲ့လမ်းကြောင်းနဲ့ ဘယ်လိုပေါင်းစပ်ပြီးသွားလို့ရမယ်ဆိုတာ ဒေါက်တာတို့ညှိနှိုင်းထားတာရှိလား။
ဖြေ- ကျွန်တော်တို့အရင် မူဝါဒပေါ့နော် NCA လမ်းကြောင်း၊ လက်ရှိဒီဘက်မှာ လက်မှတ်ထိုးထား တဲ့အဖွဲ့တွေနဲ့ သူတို့ပြောပြောနေတဲ့ အစိုးရနဲ့တပ်မတော် နဲ့ပြောနေတဲ့ NCA ဆိုတာနဲ့ ကျွန်တော်တို့ ULA အပါအ၀င် FPNCC အဖွဲ့ဝင်တွေအကုန်လုံးရော လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအကုန်လုံး ဒီလိုင်ဇာညီလာခံကနေစတင်ပြီးမှပဲ အတူတူအလုပ်လုပ်လာခဲ့တဲ့ NCCT အတူ အဲဒါပြီးမှ NCA ဆိုတာပေါ်လာခဲ့တာ အဲဒီတော့ အဲဒီ NCA မှာဘာပါတယ်ဆိုတာသိပြီးသား။ အဲဒီ NCAကိုလည်း ကျွန်တော်တို့သဘောမကျတာတော့မဟုတ်ဘူး။ လိုအပ်ချက်တွေရှိတယ်။ အဲဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က ထပ်ပြီးတော့ဖြည့်တယ်ပေါ့၊ ဥပမာ အင်တာဗျူးတစ်ခုဖြေလိုက်လို့ရှိရင် အားမရဘူးဆိုလို့ရှိရင် နောက်ထပ် အင်တာဗျူးတစ်ခုမှာ လိုအပ်ချက်တွေကိုထပ်ပြီးတော့ ဖြည့် စွက်ပြီးဖြေသလိုပေါ့။ အခုဒီဘက်က FPNCC ဘက်ကတင်ပြထားတဲ့ NCA ဆိုတဲ့ဟာကလည်း အရင် လုပ်ပြီးသားဟာတွေပဲပါလာတယ်ဆိုတော့ ပိုပြီးတော့ကောင်းသလားဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့ ဆွေးနွေးရမယ်။ သေချာတာကတော့ အသစ်ထွက်လာတယ်ဆိုကတည်းက ရှေ့က ဟာက အားနည်းချက်တွေရှိနေလို့ ဒီဘက်မှာကလည်း ဖြည့်စွက်စရာရှိနေလို့ ဆိုတာကိုတော့ ပြောလို့ရတယ်။ ဒီနှစ်ခု ကို ထပ်ကြည့်လိုက်မယ်ဆို တူတာက ကျန်ခဲ့မယ် မတူတာတွေကဘယ်လောက်ကျန်ခဲ့မလဲ မတူတာတွေကို ဖယ်ပြီး တူတာတွေကိုဆက်လက်ဆွေးနွေးသွားမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်။
မး- အစိုးရနဲ့ တပ်မတော်ကို နောက်ဘယ်တော့လောက်ပြန်တွေ့မယ်မှန်းထားလဲဗျာ
ဖြေ- ကျွန်တော်တို့အနေနဲ့ကတော့ ဒုချုပ်နဲ့တွေ့တဲ့အချိနိမှာ အချိန်မရွေး ခင်ဗျားတို့ကျွန်တော် တို့ကို ဆက်သွယ်လို့ရတယ်။ ဆက်သွယ်လို့ရတဲ့လမ်းကြောင်းတွေလည်း အခုဆိုပွင့်သွားပြီပဲ။ အရင်တုန်းကတော့ လမ်းကြောင်းရှိပြီးတော့ ဒီဘက်ကမဆက်သွယ်တာလည်းပါတယ်၊ ဟိုဘက်က လည်းမဖွင့်ပေးတာလည်းပါတယ် ကြားထဲမှာလည်း ကိုယ့်အလုပ်နဲ့ကိုယ်များနေတော့ အဲဒါတွေနဲ့ဆက်စပ်မှု နည်းခဲ့တယ်။ အခုတော့ ဒီကိုတက်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့ contact person ကိုတိတိကျကျ အလေးထားပြီးလုပ်ရမယ်ဆိုတဲ့အပိုင်းကို ဒီတက်လာတဲ့အချိန်မှာ ရတယ်ပေါ့။ အဲဒီဆက်စပ်မှု ထိတွေ့မှုကနေတဆင့် အချိန်မရွေးတွေ့လို့ရတယ်။
အဲဒီအနေအထားအပေါ်မှာအခြေခံပြီးတော့ ဒီကပြန်သွားလို့ရှိရင် မိခင်အဖွဲ့အစည်းတွေကို ပြန်တင်ပြတာရှိမယ်၊ ညီလာခံနဲ့ ပြန်သုံးသပ်တာတွေ၊ ညှိနှိုင်းတာတွေရှိမယ်။ ဘယ်လိုဆက်လုပ် ရမလဲဆိုတာက အဲဒီအချိန်လောက်မှပဲပေါ်လာလိမ့်မယ်။
မေး- “၀”အဖွဲ့ကတင်သွင်းတဲ့စာတမ်းမှာပေါ့နော် AA အပါအ၀င် သုံးဖွဲ့ကိုတန်းတူညီမျှဆက်ဆံဖို့ဆို တဲ့ စကားလုံးပါတယ်ပေါ့။ အဲဒီ အပေါ်မှာကော သူတို့ဘက်ကတုံ့ပြန်မှုတွေရှိလားခင်ဗျား။
ဖြေ- “၀”အနေနဲ့ကတော့ ကျွန်တော်တို့အပေါ်မှာ တိုင်းရင်းသားစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ထားတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ကျွန်တော်တို့အတွက် ပြောပေးတာ ဖြစ်တယ်။
မေး- ဖြည့်စွက်ပြောကြားစရာများရှိပါသေးလားခင်ဗျား။
ဖြေ- ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ဆိုရင် တွေ့ဆုံဆွေးနွေးအဖြေရှာမှပဲ ရရှိမယ်ဆိုတာ ကျွန်တော်တို့လက်ခံတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ဟာကိုကျတော့ ကျွန်တော်တို့အဖွဲ့တင်မကပဲ တခြားအဖွဲ့တွေလည်း အဲသလို မူဝါဒ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့တွေ့ဆုံတဲ့အချိန်ကာလမှာလည်း မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာကို အများနဲ့တန်းတူပေါ့နော်။ ဥပမာ တဆင့်နိမ့်တဲ့ ပုံစံမျိုးမရှိဖို့လိုတယ်။ အခုလည်းပင်လုံညီလာခံမှာ တန်းတူရေးကိစ္စကိုပဲပြောတယ်ဆိုတော့ ကျွန်တော်တို့အဖွဲ့အနေနဲ့ တခြားအဖွဲ့တွေနဲ့နည်းတူ တန်းတူဆွေးနွေးလို့ရတဲ့အနေအထားမျိုးကျွန်တော်တို့ရချင်တယ်။ အဲဒီအတိုင်းပဲဆက်လက်ဆော င်ရွက်သွားမှာဖြစ်တယ်။
မေး- ရခိုင်ပြည်သူလူထုကိုဘာများပြောချင်ပါသေးလဲခင်ဗျား။
ဖြေ- ကျွန်တော်တို့ရခိုင်ပြည်သူလူထုအနေနဲ့ လက်ရှိအချိန်မှာဆိုလို့ရှိရင် ကိုယ်တို့သွားနေတဲ့ပန်း တိုင်က အရင်လောက်တော့ မဝေးတော့ပါဘူး။ ကျွန်တော်တို့ ULA/ AA အနေနဲ့ကလည်း လက်ရှိ အချိန်မှာဆိုရင် နောက်လာမယ့်ကာလဆိုရင် ၁၀ နှစ်တာကာလကိုရောက်ရှိမယ်။ ပြီးရင် ဒီ ၂၀၂၀ မတိုင်ခင်မှာလည်း ကျွန်တော်တို့အများကြီး ကြိုးစားပြီးတော့ပြင်ဆင်နေတယ်။ လူထုအနေနဲ့လည်း အမျိုးသားရေးကို နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ပါဝင်ဆောင်ရွက်ကြပါလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။