ရက္ခိုင့်တပ်မတော် တည်ထောင်ခြင်း (၇) နှစ်မြောက်နေ့ အထူးအင်တာဗျူး

2016

 

“အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်”လို့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ပြော
(ရက္ခိုင့်တပ်မတော် တည်ထောင်ခြင်း (၇) နှစ်မြောက်နေ့ အထူးအင်တာဗျူး)

နိရဉ္စရာ၊ ဧပြီ ၁၁

ရက္ခိုင့်တပ်မတော် (အေအေ)ကို ထူထောင်တာ ၂၀၁၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က (၇) နှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။ အဲဒီ (၇) နှစ်တာကာလမှာ ရက္ခိုင့်တပ်မတော်ရဲ့ အခြေအနေ၊ လက်ရှိ နိုင်ငံရေး ခံယူချက်နဲ့ လူပ်ရှားဆောင်ရွက်နေတဲ့ အခြေအနေ၊ အနာဂတ် ပြည်ထောင်စု ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်မယ့် အေအေရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေကို စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် နိရဉ္စရာ လက်ထောက် အယ်ဒီတာ စံမောင်သန်းက ဖုန်းထဲကတစ်ဆင့် မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

မေး-ရက္ခိုင့်တပ်မတော်ကို ထူထောင်တာ (၇) နှစ်ရှိပြီဆိုတော့ အခြေအနေက မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာတဲ့ အနေအထားရှိပါသလား။
ဖြေ-အောင်မြင်မှုအတိုင်းအတာကတော့ ကျွန်တော်တို့ မှန်းထားတဲ့ ပန်းတိုင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဝေးကြီးလိုပါသေးတယ်။ ဒါပေမယ့် ဒီ (၇ )နှစ်နှစ်တာကာလထဲမှာ ကြိုးစားအားထုတ်မှု ပေးဆပ် စွန့်လွှတ်မှုတွေ အများကြီးပေါ့နော်။ ဆုံးရှုံးမှုလည်းရှိတာပေါ့။ ဒါပေမယ့် သူ့အတိုင်းအတာနဲ့ သူတော့ ဒါမျိုး တဖြည်းဖြည်း ကြိုးစားပမ်းစားပြီး လှုပ်ရှားရတာပေါ့ဗျာ။

မေး- ရက္ခိုင့်တပ်မတော်ကိုဘာကြောင့် ထူထောင်ဖို့ လိုအပ်ပါသလဲ။
ဖြေ-ရခိုင်ပြည်သူတွေအတွက် လိုအပ်တယ်ဆိုတာ ဒီရခိုင်လူမျိုးတွေရဲ့ လက်ရှိအနေအထားပေါ့။ လက်ရှိ အခြေအနေရဲ့တောင်းဆိုချက်၊ ရခိုင်လူထုကလည်းပဲ လွတ်မြောက်ဖို့အတွက်ပေါ့နော်၊ ဒီ ဘယ်လို ပြောမလဲ-အာဏာရှင် စနစ်အောက်ပေါ့၊ အရင်းတုန်းကဆိုရင်တော့။ ဒါပေမယ့် တကယ် လိုလားတာကတော့ ရခိုင် လူမျိုးတွေ ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖန်တီးဖို့ပေါ့။ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်နဲ့ ဖန်တီး နိုင်ဖို့၊ သူများဆီမှာ ကျွန်မဖြစ်ဖို့ပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ ရခိုင်အမျိုးသားတွေရဲ့ အခွင့်အရေး တွေကို ကာကွယ်ဖို့၊ လုံခြုံရေးတွေကို ကာကွယ်ဖို့၊ အနာဂတ်ရဲ့ အာမခံချက်အနေနဲ့ ရပ်တည်ပေးဖို့အတွက် ရက္ခိုင့် တပ်မတော်ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလိုယုံကြည်တယ်။

မေး-ရက္ခိုင့်တပ်မတော်ရဲ့ ဦးတည်ချက်ကိုလည်း သိပါရစေ။
ဖြေ- ရခိုင်လူထု လွတ်မြောက်အောင် တိုက်ပွဲဝင်ရမယ်။ လွတ်မြောက်မှုကို ထိန်းသိမ်းရမယ်။ လုံခြုံရေးကို ထိန်းသိမ်း ရမယ်။ ရက္ခိုင့်တပ်မတော်ဟာ ဒီလုံခြုံရေး၊ လွတ်မြောက်ရေး အာမခံချက်ဆိုတာထက် ရခိုင်လူထုမှာ ကျွန်တော်တို့ အမျိုးသားရေး အဆောက်အအုံ တစ်ခုလုံးကို တည်ဆောက်ဖို့အတွက် အမျိုးသားရေး ယုံကြည်မှုတွေပေါ့လေ၊ အဲ့ဒါရဲ့ အခြေခံ အုတ်မြစ်အဖြစ်လည်း ပြောလို့ရတယ်။ ဒီကနေတဆင့် ကျွန်တော်တို့ တခြား အမျိုးသားရေးဆိုင်ရာလိုအပ်ချက်တွေကိုလည်း အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ပြီးမှ တဆင့်ချင်း ခရီးဆက်သွားဖို့လည်း မျှော်မှန်းထားတယ်။

မေး-နောက်တစ်ချက်ကလေ အေအေအနေနဲ့ အခု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ ပါမလာသေးတာကို တွေ့ရတယ်လေ။ အဲ့ဒီအပေါ်မှာကော ဘယ်လိုမြင်လဲ မသိဘူး။
ဖြေ-ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ အရင်အစိုးရလက်ထက်မှာ သူတို့ဘက်မှာ အများကြီး မူတည်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံရေးပြဿနာတွေ ဆိုတာကတော့ စားပွဲဝိုင်းမှာ နိုင်ငံရေးအရ ဖြေရှင်း ရမယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ပြီးသားပါ။ အဲ့ဒါကတော့ ကျွန်တော်တို့ တပ်ဖွဲ့ကိုပေါ့နော်၊ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်ရဲ့ တခြားသော ကျွန်တော်တို့ မဟာမိတ်တစ်ချို့ကို နိုင်ငံရေးမှာ ၀င်မပါစေချင်တာကတော့ သူတို့ပဲ သိပါလိမ့်မယ်။ ဒါကတော့ နိုင်ငံရေးအရ ဖြေရှင်းချင်ခဲ့တယ်ဆိုရင်တော့ သူတို့ လုပ်ခဲ့ရင် ရတာပဲလေ။ အခုကတော့ အစိုးရ အသစ်တက်လာပြီဆိုတော့ ဒီအစိုးရအသစ်မှာ ဘယ်လိုမျိုး ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြဿနာတွေကို ဘယ်လိုပုံစုံမျိုးနဲ့ ဖြေရှင်းမလဲဆိုတာ ကျွန်တော်တို့ သတိရှိရှိနဲ့ စောင့်ကြည့်ပြီးမှ သူတို့ ဘယ်လို လုပ်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးမှ ဆက်လက်ဆောင်ရွက် စရာတွေလည်း ရှိပါတယ်။

မေး-ချင်းမိုင်မှာ မကြာခင်ကလုပ်သွားတဲ့ ဒီUNFC အစည်းဝေးမှာလေ သူတို့ဆီမှာ အဖွဲ့ဝင်ဖြစ်လို့သိရပါတယ်။ ရှိနေပီးသား ANC ( Arakan National Council) နဲ့ ပူးပေါင်းဖို့ တိုက်တွန်းတယ်လို့ သိရပါတယ်။ အဲ့ဒီတော့ အေအေအနေနဲ့ ANC နဲ့ ပူးပေါင်းဖို့ အနေအထားက ဖြစ်နိုင်ပါ့မလား။ ဘယ်လို မြင်လဲမသိဘူး၊ အဲ့ဒီအပေါ်မှာ။
ဖြေ- ကျွန်တော်တို့က အဲ့ဒီမှာ ကျွန်တော်တို့ ULA လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖေါ်နေပါတယ် အခုချိန်မှာ။ ULA ဆိုတာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အစည်းပေါ့။ United League of Arakan ပေါ့။ အဲ့ဒါကို လုပ်လာပြီဆိုတော့ ကျွန်တော်တို့လည်း မဟာမိတ်ရေးရာ ကဏ္ဍတွေရော၊ တခြားသော ဆက်ဆံရေးဆိုင်ရာ ကဏ္ဍတွေကို ကျွန်တော်တို့က တိုးချဲ့ပြီးမှ ဆောင်ရွက်လာတာရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က UNFC နဲ့ အရင်ကတည်းက မဟာမိတ်အဖွဲ့ အစည်းဖြစ်တယ်။ တဆင့်တိုးပြီး ပူးပေါင်း ဆောင်ရွက်ခြင်းကို မြှင့်တင်မယ်ဆိုပြီးမှ ကျွန်တော်တို့ဘက်ကလည်း UNFC အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းတာ ဖြစ်တယ်။ အဲ့ဒါကို UNFC က ရခိုင်တွေမှာ အရင်ကတည်းက ANC ရှိတယ်။ အဲ့ဒါကို ပူးပေါင်းပြီးမှ လုပ်မယ်ဆိုရင် ပိုကောင်းမလားဆိုတဲ့ တိုက်တွန်းချက်ပါ။ ပေါင်းကို ပေါင်းရမယ်ဆိုတဲ့ ဖိအား မဟုတ်ပါဘူး။ ကျွန်တော်တို့ အဆင်မပြေရင်လည်း ဒါကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ကျွန်တော်တို့ အရင်ကတည်းက ရခိုင် အဖွဲ့အစည်းတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့စကားက တော်တော် အပြောများတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ တကယ်တမ်း ချဉ်းကပ်ပြီးမှ လုပ်ဆောင်တဲ့အချိန်မှာ နီးမလိုလိုနဲ့ ဝေးနေတဲ့ အနေထားတွေလည်း ရှိနေတယ်ဗျာ။ အဲ့ဒါကြောင့်မို့လို့ ဒီကိစ္စတွေက ကျွန်တော်တို့ ပြောသလောက်လည်း မလွယ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့လည်း စဉ်းစားထားတာရှိတယ်။ UNFC အနေနဲ့လည်းပဲ အရင်ကတည်းက ANC နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတော့လေ ကျွန်တော်တို့ အရင်ကတည်းက UNFC နဲ့ မိတ်ဆွေ အဖွဲ့အစည်းလိုမျိုး ဆက်လက်ပြီးမှ ရပ်တည်သွားမယ်။ ကျန်တဲ့ ဟာတွေကိုတော့ UNFC အပေါ်မှာပဲ မူတည်နေပါတယ်။ ပြဿနာ ကြီးကြီးကျယ်ကျယ်တော့ ဘာမှ မရှိပါဘူး။ ပြေလည်ပါတယ်။

မေး-အခုက အစိုးရသစ်တက်လာပြီဆိုတော့ ဒီ အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဘာတွေများ ပြင်ဆင်ထားလဲမသိဘူး။ တကယ်တမ်း ဆွေးနွေးဖြစ်မယ်ဆိုလို့ရှိရင် ဘာတွေ တောင်းဆိုဖို့ အစီအစဉ်ရှိလဲမသိဘူးနော်။
ဖြေ-ဒီအစိုးရအသစ်တက်လာရင် နိုင်ငံရေးအရပြောဆိုဆွေးနွေးဖို့အတွက် ကျွန်တော်တို့ အဖွဲ့အစည်းတွေ တော်တော်များများ မျှော်လင့်ထားကြတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ၊ အရပ်ဘက် အစိုးရအနေနဲ့ ဒီတိုင်းရင်းသား ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းလာမယ်ဆိုပြီးမှ ကျွန်တော်တို့ အကုန်မျှော်လင့်ထားတယ်။ သို့သော်လည်းပဲ ဒီအချိန်လောက်ထိပေါ့လေ၊ ဒီအစိုးရမှာ တကယ် ကျွန်တော်တို့ အကုန်လုံး မျှော်လင့်ထားသလိုမျိုး နည်းလမ်းတွေကို ဘယ်တော့လောက် စတင်လာမလဲဆိုတာလဲ ပြောရ ခက်နေပါတယ်။ နောက်တစ်ခုကတော့ ဒီတပ်မတော် အနေနဲ့ မြန်မာ့တပ်မတော်ပေါ့၊ အနေနဲ့ ဒီအစိုးရနဲ့ ဘယ်အတိုင်းအတာထိ ပူးပေါင်းဆောင်ရွက်မလဲ၊ ဒီအစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ဒီမြန်မာ့တပ်မတော်ဘက်က ဘယ်အတိုင်းအတာထိ ပါလာအောင်လုပ်မလဲဆိုတာတွေလည်း ပြောရ ခက်နေပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ဒီ Political Engagement ကို ကျွန်တော်တို့ အပြုသဘောနဲ့ မျှော်လင့်ထားတာတော့ ရှိပါတယ်။

မေး-အဲလိုဆိုတော့ အခု မကြာသေးခင်ကပဲလေ အဖမ်းခံရပြီးတော့ ဖမ်းထားတဲ့လူ ၅၀ ၀န်းကျင်လောက် ရှိတာပေါ့၊ အေအေက ဆိုပြီးတော့ အဲ့ဒီအပေါ်မှာကော ဘယ်လိုမြင်လဲမသိဘူး။ တကယ့်အေအေ တပ်ဖွဲ့ဝင်တွေလား၊ သို့မဟုတ် သူတို့သံသယနဲ့ ဖမ်းပြီးတော့ လုပ်ကြံတဲ့သဘောလား။ အမြင်လေး သိပါရစေ။
ဖြေ-တချို့ကတော့ ဒီပတ်သက်ရာ ပတ်သက်ကြောင်းတွေတော့ရှိတယ်။ ဒီအေအေဆိုတာထက်လေ ကျွန်တော်တို့ ULA ပေါ့၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ member တွေလည်း ရှိနေမယ်။ တစ်ချို့ကတော့ ကျွန်တော်တို့ရဲ့ပါတီမိတ်ဆွေရှိမယ်၊ ၀ိုင်းရံသူတွေရှိမယ်၊ ဆွေမျိုးသားချင်းတွေ ရှိမယ်။ အဲ့ဒီမှာ အကုန် သူတို့ သံသယရှိပြီးမှ ခေါ်ယူစစ်ဆေးတာတွေ၊ ဖမ်းဆီးတာရောဆိုရင် ဒီ ၆၀ မကပါဘူး။ တော်တော်များလိမ့်မယ်။ ပြီးရင် တချို့နေရာတွေမှာပေါ့လေ၊ သူတို့ တိုက်ပွဲဇုန်တွေမှာ ရခိုင်လူမျိုးတွေ သွားသွားလာလာ ရှိတဲ့အချိန်မှာ သံသယနဲ့ ဖမ်းဆီးထားတာတွေလည်း ကျွန်တော်တို့ ကြားသိနေရတာတွေရှိတယ်။ ပြီးရင် လူကိုတောင် လူကလူတစ်ပိုင်းပေါ့လေ၊ ဟိုး လေးမြို့မြစ်ဘက်မှာဆိုရင်လည်းပဲ သစ်ဝါးတွေကို အရပ်သားတွေ လုပ်ကိုင်စားသောက်နေတဲ့ စက်လှေက အင်ဂျင်တွေရော၊ သစ်ဝါးတွေကအစပေါ့လေ၊ အေအေကဆိုပြီးမှ သိမ်းဆည်းထားတာတွေရော၊ ကျွဲနွား တိရစ္ဆာန်တွေက အစပေါ့လေ၊ ဒါတော်တော်လေး ရိုက်ခတ်မှုတွေရှိတယ်။ ဒါတစ်ပိုင်းပေါ့လေ၊ ဒါပေမယ့် နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးထားတာတွေကတော့ အကုန်လုံး ရှင်းလင်းမှုတော့ မရှိပါဘူး။ ဒါမျိုး၊ အဓိကတော့ လူထုကို ခြောက်လှန့်တဲ့ သဘောတွေလည်းပါမယ်လို့ ထင်တယ်ဗျာ။

မေး-နောက်တစ်ချက်အနေနဲ့ဟိုဟာ နောက်ဆုံးအနေနဲ့လေ သိခွင့်ရမလား မသိဘူး။ အေအေရဲ့ ပေါ်လစီဟာ လွတ်လပ်ရေးလား၊ ဖက်ဒရယ်လား ဆိုတာလေ။အဲ့ဒီဟာကို ပြောလို့များ ရမလားမသိဘူး။
ဖြေ-လူအများကတော့ ဒါမျိုးမေးခွန်းနဲ့ ကျွန်တော်တို့ကို မေးမြန်းကြတာရှိတယ်။ ကျွန်တော်တို့က လွတ်လပ်ရေး အတွက် တိုက်တာလားပေါ့နော်၊ ဖက်ဒရယ်အတွက် တိုက်တာလားပေါ့။ ကျွန်တော်တို့ကတော့ လူအများ နားလည် လွယ်တဲ့စကားနဲ့ တိုတိုတုတ်တုတ် ပြောရရင်တော့ ကျွန်တော်တို့ လူမျိုး ရခိုင်အမျိုးသားတွေကို ဗမာတွေအောက်မှာ ကျွန်ပြုခံရသလိုမျိုး နေရတာကို ကျွန်တော်တို့ လက်မခံ နိုင်ပါဘူး။ ကျွန်တော်တို့ မကျေနပ်ပါဘူး။ အဲ့ဒါက လွတ်မြောက်ချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ တော်လှန်နေတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ကျွန်တော်တို့ လက်နဲ့ပဲ ဖန်တီးမယ်။ နောက် ဖက်ဒရယ်ဆိုတာကတော့ ဟုတ်တယ်၊ ကျွန်တော်တို့ အကုန်လုံး ဘ၀တူတိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်ဆိုတာကို ကျွန်တော်တို့ လိုလား ကြပါတယ်။ သို့သော် ဒီချိန်မှာ ကျွန်တော် မေးချင်တယ်။ ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်ကို ခင်ဗျားတို့က တကယ် ဒီတိုင်းဖက်ဒရယ်ကို ပေးမှာလားဆိုတာကိုလည်း ကျွန်တော်တို့ ပြန်မေးရမှာဖြစ်တယ်။ သူတို့က ပေးချင်မှန်း၊ မပေးချင်မှန်းမသိဘဲနဲ့ ကိုယ်ကပြောနေတာလည်း နည်းနည်းလောက် အဓိပ္ပာယ် မရှိဘူး ထင်တယ်ဗျာ။ ဒါကြောင့် သူတို့ကိုယ်တိုင်ကလည်း ဖက်ဒရယ်ပြည်ထောင်စုကို လိုလိုလားလားရှိမှပဲ ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်ပုံစံနဲ့ ထပ်တူကျပါလိမ့်မယ်။ ဒါမှမဟုတ်ဘဲနဲ့၊ သူတို့က ကျွန်တော် တို့ကို ကျွန်ပြုမယ်၊ ကျွန်တော်တို့က ဖက်ဒရယ်ကိုပဲ ခေါင်းမာစွာနဲ့ ဒါမျိုး ရပ်တည်နေတယ် ဆိုတာလဲ မဟုတ် သေးပြန်ဘူး။ ဒါကြောင့်မိုလို့ ကျွန်တော်တို့က ဟို ဖက်ဒရယ်လာ၊ ခွဲထွက်ရေးလား ဘာညာဆိုတာ အငြင်းပွား နေတာထက် ကျွန်တော်တို့ကို လာပြီးမှ ကျွန်ပြုမယ်ဆိုရင်တော့ ကျွန်တော်တို့ ဘယ်လူမျိုးမဆို ဒါခုခံ တော်လှန်တဲ့ စစ်ကို ဆင်နွှဲရမှာပဲ။

မေး- အေအေကို ထူထောင်လာတာက ၇နှစ်ရှိပြီလေ၊ တပ်မွေးနေ့ ၇ နှစ်ပြည့်မြောက်မှာ ရခိုင်ပြည်သူတွေကို အေအေ စစ်ဦးစီးချုပ်အနေနဲ့ ဘာများပြောကြားချင်လဲမသိဘူး။
ဖြေ-အို၊ဟုတ်ကဲ့၊ရခိုင်ပြည်သူတွေကို ကျွန်တော်တို့ကတော့ ရခိုင်အမျိုးသား ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အ၀ရရှိပြီးမှ လွတ်လပ်တဲ့ ရခိုင့်လူ့ဘောင်ကို ကျွန်တော်တည်ဆောက်နိုင်အောင်ထိ ကျွန်တော်တို့ ကြိုးစားသွားမယ်။ ဘယ်အခြေအနေကိုပဲ ရောက်ရောက်ပေါ့ ကျွန်တော်တို့ ဒီဦးတည်ချက်က ပြောင်းလဲမှာ မဟုတ်ဘူး။ ဆက်လက်ပြီးမှ ကြိုးစားသွားမယ်။ ရက္ခိုင့်တပ်မတော် ဒီအနေအထားနဲ့ ရပ်တည်နိုင်တာ၊ ဒီအနေအထားထိ ရောက်လာတာ ကိုယ်တိုင်ကလည်းပဲ ပြည်သူလူထုတွေရဲ့ ၀ိုင်းရံမှုတွေ၊ ကျွန်တော်တို့အပေါ်မှာ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ ဒီထက်ပိုပြီးမှ ခွန်အား စိတ်ဓါတ် ခွန်အားတွေ ရစေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်လက်ကြိုးစားမယ်။ ပြည်သူလူထုအနေနဲ့လည်း လုံးဝ ဒီချိန်မှာဖိနှိပ်မှု၊ ကြောက်လန့်အောင် ခြောက်လှန့်မှုတွေပေါ့လေ၊ ထောင်ချတာတို့၊ နှိပ်စက်တာတို့ ရှိနေသော်လည်းပဲ စိတ်မပျက်ပဲနဲ့ လက်တွဲ မဖြုတ်စတမ်း ကြိုးစားကြရအောင်လို့ ကျွန်တော် ပြောလိုပါတယ်။


(ပြီး)

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်အား ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်မှ တွေ့ဆုံမေးမြန်းချက်

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရက္ခိုင့်တပ်မတော် (AA) သည် အစိုးရ တပ်မတော်နှင့် ပြီးခဲ့သည့် မတ်လ ၁၇ ရက်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။ AA သည် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် လက်ခံခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲတွင် ပါဝင်သည်။ ဆက်ဖတ်ရန်